Friday 19 October 2012

ရေနံဆီ/ဓါတ်ဆီများ အဆုတ်ထဲဝင်ပါက နမိုးနီးယားရောဂါဖြစ်ပွားနိုင်


ယမင်း(မြစ်မခ)အောက်တိုဘာ(၁၉)ရက်၊၂၀၁၂ခုနှစ်။

ဓါတုပစ္စည်းများ၊ ရေနံဆီ၊ ဓါတ်ဆီနှင့် ပိုးသတ်ဆေးများအဆုတ်ထဲသို့ ရောက်
ရှိပါက နမိုးနီးယား ရောဂါဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

အေးသောရာသီ၌အဖြစ်များသည့် နမိုးနီးယားရောဂါမှာ အဆုတ်ပြည်
တည်နာဖြစ်၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သော ကူးစက်ရောဂါ
တစ်မျိုးဖြစ်ကြောင်း ဆရာဝန်များထံက သိရသည်။


"အေးတဲ့အချိန်မှာ ပိုဖြစ်တတ်တယ်။ ပြီးတော့ နှာချေး၊ ချောင်းဆိုး၊ လက်ဆွဲနှုတ်ဆက်မိတာနဲ့ ကူးစက် နိုင်တယ်။ ဖြစ်တဲ့အချိန်မှာ မကုသမိရင် အဆုတ်ပြည်တည်နာဖြစ်သွားပြီး အသက်ဆုံးရှုံးရတာတို့ ၊သွေးကြောထဲကို ပိုးမွှားတွေဝင် ရောက်သွားရင် သွေးဆိပ်တက်ပြီး အသက်ဆုံးရှုံးရ
တာတို့ဖြစ်တတ်ပြီး အမောဖောက်ကြမ်းလွန်းရင်လည်း အသက်ရှုရပ်
သွားတာတွေ ဖြစ်နိုင်တဲ့အတွက် ဆေးရုံတင်ကုသ ရတဲ့အထိ ဖြစ်လာနိုင်
တယ်" ဟု အလုံမြို့နယ်၊ ၀င်းဆေးခန်းမှ အထွေထွေရောဂါကု
ဒေါက်တာမြင့်ဦးက ပြောသည်။

အဆိုပါရောဂါသည် လွယ်ကူစွာကူးစက်တက်ခြင်းကြောင့် လူဦးရေ ထူထပ်သွားလာသော နေရာများ၊ အကျဉ်းထောင်များ၊ ဆေးရုံများသွားသို့ သွားလာရာတွင် ကျန်းမာရေးအတွက် ဂရုပြုနေထိုင်သွားလာ သင့်ကြောင်း ၄င်းက အကြုံပြုပြောကြားသည်။

နမိုးနီးယားရောဂါမှာ အဆုတ်ထဲသို့ဝင်ရောက်လာသော ဗိုင်းရပ်စ်ပိုး၊ဘက်တီးရီးယား၊ ကပ်ပါးပိုးနှင့် မှိုပိုးမွှားများက အဆုတ်လေအိတ်အား ယောင်ရမ်းစေနိုင်သောကြောင့် အဆုတ်ရောင်ရောဂါဟု ခေါ်ကြောင်းကိုလည်း သိရသည်။

အစာသီးပြီးဖြစ်လာသော နမိုးနီးယားအား အန်ဖတ်စို့နမိုးနီးယား၊ ကလေးသူငယ်များ ၀က်သက် ထွက်ပြီးလျှင် ဖြစ်တတ်သော ၀က်သက်နမိုးနီးယား၊ တီဘီရောဂါပိုးကြောင့် ဖြစ်သော တီဘီ နမိုးနီးယားဟူ၍ နမိုးနီးယား အမျိုးမျိုးရှိကြောင်းကိုလည်း သိရသည်။

ရောဂါလက္ခဏာများမှာ ချောင်းဆိုးကာ မောဟိုက်လာခြင်း၊ သလိပ်အရောင်များ ပြောင်းသွားခြင်း၊ သလိပ်ထဲတွင် သွေးပါခြင်း၊ အဖျားတက်ကာ မေးခိုက်ခိုက်တုန်အောင် ချမ်းခြင်း၊ရင်ဘတ်ထဲမှ စူး၍အောင့်ခြင်း များဖြစ်ပေါ်တက်ပြီး သက်ကြီးရွယ်အိုများ၊ ၂လအောက်ကလေးငယ်များ၊ သွေးပေါင် ချိန်လျော့သွားသူ
များနှင့် သွေးဆိပ်တက်သော လူနာများအား ဆေးရုံတင်ကုသရန်
လိုအပ်ကြောင်း သိရသည်။

နမိုးနီးယားရောဂါဘေးမှ ကင်းဝေးစေရန် လက်ကို စင်ကြယ်စွာရေဖြင့် ဆေးကြောပေးခြင်း၊ နှပ်ညှစ် ပြီးပါက လက်ဆေးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ရင်ဘတ်အားပရုတ်ဆီလိမ်းခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူဦးရေထူထပ်များပြားသော ဆေးရုံ၊အကျဉ်းထောင်များတွင် နမိုးနီးယားရောဂါပိုး မကူးစက်စေရန် ပစ္စည်းများအား ပိုးမွှားသန့်စင်အောင်ပြုလုပ်သင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆိုကြသည်။

By Shwe MyitMakha Media Group

No comments:

Post a Comment