Monday 29 October 2012

ဆံပင်ပါးခြင်းနှင့် ထိပ်ပြောင်ခြင်းတို့အတွက် ဆံပင်စိုက်မည်ဆိုလျှင်


ဒေါက်တာ စံပယ်ချိန် Senior Medical Officer နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဆံပင်ပြဿနာရှိသူတစ်ဦး လာရောက် ပြသတဲ့အခါ ဘယ်လို စစ်ဆေးမှုတွေကို အရင်ဆုံး လုပ်ရပါသလဲ။

ရှေးဦးစွာ လူနာရဲ့ အသက်၊ Marital Status၊ အလုပ်အကိုင်ကို History Taking မှာ မေးရပါတယ်။ လူနာရဲ့ Past Medical History နဲ့ Drug History ကိုလည်း မေးရပါတယ်။ အမျိုးသမီး/ အမျိုးသားတွေရဲ့ ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်းကို ရှာဖွေမေးမြန်းမှုတွေ ပြုလုပ်ရပါတယ်။ လိုအပ်မယ်ဆိုရင် သွေးစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်။ အဲဒီနောက် လူနာရဲ့ ဆံပင်ပါးတဲ့ အဆင့်နဲ့ ထိပ်ပြောင်တဲ့ အဆင့်ကို သတ်မှတ်စစ်ဆေးတယ်။ ဦးရေပြားကို စစ်ဆေးတယ်။ ဆံသားကို စစ်ဆေးပေးပါတယ်။ ဒါကတော့ Computerized Hair Analyzer နဲ့ စစ်ဆေးပေးပါတယ်။ ဒီလူနာရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဆံပင် စစ်ဆေးမှုတွေက ထွက်ပေါ်လာတဲ့ အဖြေရလဒ်ပေါ် မူတည်ပြီး ကုသမှု ပြုလုပ်ပေးပါတယ်။ ဦးရေပြားမှာတော့ Scalp Seborrhoic Dermatitis အဖြစ်များပြီး ကုသမှုကို ထိထိရောက်ရောက် ကုသရင် နှစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ ဆံပင်ပါးတဲ့လူ၊ ထိပ်ပြောင်တဲ့လူကျတော့ ဆံပင် ပြန်ပေါက်စေဖို့အတွက် ဦးရေပြားဖျန်းဆေး၊ သောက်ဆေးနဲ့ Laser Hair Treatment တွေရှိသလို ဆံပင်ပြန်စိုက်ဖို့ လိုအပ်တဲ့ အခြေအနေမျိုးဆိုရင် ဆံပင်ပြန်စိုက်တဲ့ ကုသမှု ပေးပါတယ်။

ဆံပင်ပါးတာနဲ့ ထိပ်ပြောင်တာတို့အတွက် ကုသတဲ့ နည်းလမ်းတွေကို သိပါရစေ။

ဆံပင်ပါးတာနဲ့ ထိပ်ပြောင်တာတွေဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ထိပ်ပြောင်တာ (Male Pattern Baldness) မှာ ကုသမှု အနေနဲ့ ဦးရေပြားဖြန်းဆေး၊ သောက်ဆေးနဲ့ Laser Hair Treatment ကုသမှုများ ရှိသလို ဆံပင်စိုက်ဖို့ လိုအပ်တဲ့ အခြေအနေအဆင့်မျိုးဆိုရင် ဆံပင်စိုက်တဲ့ ကုသမှုကို ပေးပါတယ်။ ထိပ်ပြောင်၊ ဆံပင်ပါးတဲ့ အဆင့် Grade များနေရင် ဆံပင်စိုက်ဖို့ လိုအပ်ပါတယ်။ ဆံပင်စိုက်ဖို့ လိုအပ်တဲ့ လူနာတွေကို ခွဲစိတ်ဆရာဝန်မှ ဆွေးနွေးရှင်းပြပြီး ဆံပင်စိုက်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ခွဲစိတ်ဆရာဝန်နဲ့ အဖွဲ့က ပြုလုပ်ပါတယ်။

ဆံပင်ပါးတာနဲ့ ထိပ်ပြောင်တာတို့ကို ဆံပင်စိုက် ကုသတာကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ၊

ဘေးထွက်ဆိုးကျိုးကတော့ ထူးထူးခြားခြား မရှိပါဘူး။ ဆံပင်စိုက်တော့မယ်ဆိုရင် ဆံပင်စိုက်မယ့်သူကို အရင်ဆုံး ဆေးစစ်ရပါတယ်။ ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ရှိသလား၊ သွေးထွက်မှုဆိုင်ရာ ရောဂါတွေ ရှိသလား စတာတွေ စစ်သလို ECG ရိုက်တာကိုလည်း လုပ်ပါတယ်။ ဆေးစစ်ဆေးချက် ရလဒ်က ပုံမှန် အခြေအနေ ဖြစ်နေမှပဲ ဆံပင်စိုက်တာဖြစ်လို့ ဘေးထွက်ဆိုးကျိုးက ကြီးကြီးမားမား မရှိနိုင်ပါ။

ဆံပင်စိုက်တဲ့ အရေအတွက်ကိုရော ဘယ်သူက တွက်ချက်ပြီး ဆုံးဖြတ်ပါသလဲ၊

ဆံပင်စိုက်တဲ့ အရေအတွက် အပင်ရေ ဘယ်လောက် လိုအပ်သလဲ ဆိုတာကို ပြုလုပ်မယ့် ခွဲစိတ်ဆရာဝန်ကပဲ ဆုံးဖြတ်ပါတယ်။ ခွဲစိတ်ဆရာဝန်က ဆံပင်ပါးတာ၊ ထိပ်ပြောင်တာရဲ့ Grade အရ ဆံပင်ပြန်စိုက်ဖို့ လိုတဲ့ အရေအတွက်ကို တွက်ချက်ပေးပါတယ်။

ဆံပင်စိုက်ပြီးချိန်မှာ ရာသက်ပန် မကျွတ်တော့ဘူးလား။

ဆံပင်ကို မိမိဆံပင်နဲ့ပဲ ပြန်ယူပြီး စိုက်ပေးပါတယ်။ ဆိုလိုတာက ထိပ်ပြောင်နေရင် ဦးခေါင်းနောက်ဖက်မှာရှိတဲ့ ကောင်းပြီး တည်ငြိမ်မှုရှိတဲ့ ဆံပင်ကို ယူပြီး အရှေ့မှာ ပြန်စိုက်ပါတယ်။ ဆံပင်စိုက်ပြီး သုံးရက်အကြာမှာ Follow up ပြန်ကြည့်ပါတယ်။ စိုက်ပြီး သုံးရက်မှာ ကျွမ်းကျင်တဲ့ သူနာပြုက ခေါင်းလျှော်ပေးနိုင်ပါတယ်။ ဆံပင်စိုက်ပြီး ဆယ်ရက်ကျော်မှ မိမိကိုယ်တိုင် ခေါင်းလျှော်လို့ ရပါတယ်။ စိုက်ပြီး ဆယ်ရက်ရှိမှ ဆံပင်က ခိုင်သွားတဲ့အတွက် ဖြစ်ပါတယ်။ ဆယ်ရက်မပြည့်မီတော့ ခေါင်းလျှော်တာ၊ ခေါင်းဖြီးတာ၊ ဆီလိမ်းတာ၊ Gel လိမ်းတာတို့ ပြုလုပ်လို့ မရပါဘူး။ စိုက်ပြီးဆံပင်တွေကတော့ ပုံမှန် ဆံပင်ကျွတ်တာမျိုးသာ ကျွတ်နိုင်ပြီး လိုအပ်ရင် သောက်ဆေး၊ ဖျန်းဆေးတို့ ဆက်ပြီး ပေးရပါတယ်။

ဆံပင်စိုက်ပြီး ပြန်ကျွတ်တာမျိုးကော ရှိပါသလား၊

ဆံပင်စိုက်ပြီး သုံးပတ်မှ သုံးလအတွင်း ဆံပင်ပြန်ကျွတ်နိုင်ပါတယ်။ သုံးလမှစကာ ဆံပင်အသစ် ပြန်လည်ပေါက်ပြီး ဆက်လက်ရှင်သန်ကြီးထွားပါတယ်။ ခြောက်လမှ တစ်နှစ်ဆိုရင် ဆံပင်ထူသွားပါတယ်။ စိုက်ပြီးဆံပင်ကတော့ ပုံမှန်ဆံပင်ကျွတ်တာမျိုး ရှိနိုင်ပြီး တခြားသော ရောဂါတွေ (Autoimmune, Immune Deficiency, Fungal infection etc.) ဖြစ်ပေါ်လာရင် ဆံပင်ကျွတ်နိုင်ပါတယ်။ ပုံမှန် ကျန်းမာရေး ကောင်းမွန်သူတွေအတွက် ဆံပင်ပုံမှန်ကျွတ်ခြင်းမျိုးသာ ရှိနိုင်ပါတယ်။

ဆံပင် စိုက်ထားပြီးချိန်မှာ ဆံပင်ကို ကောက်တာ၊ ဖြောင့်တာကော လုပ်နိုင်ပါသလား။

ဆံပင် ရှည်လာပြီဆိုရင်တော့ ကောက်တာ၊ ဖြောင့်တာတွေ လုပ်လို့ရပါတယ်။

ဆံပင် မစိုက်ခင်မှာ ဆံပင် အစိုက်ခံမယ့်သူတွေ အနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာခဲ့ဖို့ လိုအပ်ပါသလဲ။

ဆံပင် မစိုက်ခင်မှာ လိုအပ်တဲ့ သွေးစစ်တာ၊ ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်ရပါတယ်။ မပြုလုပ်ခင် တစ်ပတ်မှာ ဆေးလိပ်၊ အရက်နဲ့ သွေးထွက်စေတဲ့ဆေးတွေ (Aspirin, Hormones, Pain Killer) စတဲ့ ဆေးတွေကို ရပ်ထားရပါတယ်။ ပြုလုပ်မယ့် မနက်မှာ ခေါင်းလျှော်လာပြီး မနက်စာ စားလာရပါမယ်။

ဆံပင် စိုက်တဲ့အခါ ဘယ်လောက်အချိန် ကြာပါသလဲ။ စိုက်ပြီးတဲ့အခါမှာကော ဆေးခန်းမှာနေဖို့ လိုပါသေးသလား။

ဆံပင် စိုက်မယ်ဆိုရင် တစ်ရက်တော့ အချိန်ပေးရပါတယ်။ ဆံပင် စိုက်ချိန်ကတော့ လေးနာရီမှ ခြောက်နာရီအထိ ကြာနိုင်ပြီး စိုက်မဲ့ အပင်အရေအတွက်ပေါ် မူတည်ပြီး ကြာတတ်ပါတယ်။

ဆံပင်စိုက်ပြီး အောင်မြင်မှု မရှိတာမျိုး ဖြစ်နိုင်ပါသလား။

ဆံပင်စိုက်ပြီးတဲ့အခါ ပုံမှန် ဆံပင်ကျွတ်ခြင်းမျိုး ရှိနိုင်ပါတယ်။ အကယ်၍ ဆံပင်စိုက်ပြီးသူဟာ တခြားရောဂါတွေ ဖြစ်ပေါ်လာပါက (e.g Autoimmune, Immune Deficiency State) မျိုး ရှိလာပါက ဆံပင်ပြန်ကျွတ်နိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
http://news.yatanarpon.com.mm/news/interview-70042

By News of Myanmar

No comments:

Post a Comment