Saturday 29 September 2012

ခွဲစိတ်ကုသပြီးချိန်တွင် သိထားသင့်သော အချက်များ


ကျန်းမာရေး အခြေအနေ တစ်ရပ်ကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ နာကျင်မှုကို ခံစားရနိုင်သလို ခွဲစိတ်ကုသထားတဲ့ နေရာတစ်ဝိုက်မှာ ရောင်ရမ်းမှုနဲ့ တောင့်တင်းမှုတို့ကိုပါ ခံစားရနိုင်ပါတယ်။ ခွဲစိတ်ပြီး ချိန်မှာ ခံစားရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ အကြောင်းကို
ခွဲစိတ်ကုဆရာဝန်က မခွဲစိတ်ခင်ကတည်းက ရှင်းပြပြီး ဖြစ်ပါလိမ့်မယ်။ ခွဲစိတ်ကုသပြီးချိန်မှာ သင်ခံစားရတဲ့ ဝေဒနာတွေပေါ် မူတည်ပြီး ဆရာဝန်ကို သင်သိလိုတဲ့ အောက်ပါ မေးခွန်းတွေ မေးနိုင်ပါတယ်။

- ဆေးရုံမှာ ဘယ်လောက်ကြာကြာနေရဦးမှာလဲ၊
- သင် အိမ်ပြန်ရောက်တဲ့အခါ ခွဲစိတ်ထားတဲ့ ဒဏ်ရာကို ဘယ်လိုကျန်းမာရေး အသုံးအဆောင်တွေနဲ့ ဆက်လက် ဂရုစိုက်ရမှာလဲ၊
- အလုပ်ကို ဘယ်အချိန် ပြန်တက်နိုင်မှာလဲ၊
- လေ့ကျင့်ခန်းကို ဘယ်အချိန် ပြန်လုပ်သင့်သလဲ၊
- သင့်အနေနဲ့ ရှောင်သင့်တဲ့ လုပ်ဆောင်မှုတွေ ရှိသလား၊

ဒီအချက်တွေကို ခွဲစိတ်ဆရာဝန်အား မေးမြန်းပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိုင်း လိုက်နာ နေထိုင်မယ်ဆိုရင် မြန်မြန် သက်သာ လာပါလိမ့်မယ်။

ခွဲစိတ်ကုသမှု ပြီးချိန်တွင်

ခွဲစိတ်ကုသမှု ပြီးချိန်မှာ ခွဲစိတ်မှု အကြီး၊ အသေးနဲ့ အသုံးပြုတဲ့ မေ့ဆေး၊ ထုံဆေးတို့အပေါ် မူတည်ပြီး ဆေးရုံမှာနေဖို့ လိုအပ်နေတာမျိုး၊ အထူး ကြပ်မတ် ကုသဆောင် (ICU) မှာ နေရတာမျိုးနဲ့ အိမ်ပြန်လို့ ရတာမျိုး ဆိုပြီး အမျိုးမျိုး ပြောင်းလဲ သွားနိုင်ပါတယ်။ ကြီးမားတဲ့ ခွဲစိတ်ကုသမှု ပြီးသွားရင်တော့ တချို့လူတွေဟာ မေ့ဆေးဒဏ်ကြောင့် မူးနောက်နောက် ခံစားရတာမျိုး၊ ပျို့ချင်အန်ချင် ဖြစ်တာမျိုးနဲ့ အအေးမိ တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခွဲစိတ်ပြီးချိန်တွင် အိမ်ပြန်နိုင်သော အချက်များ

လူနာအနေနဲ့ အောာက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီပါက အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။
- ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်ရပါမယ်။
- ပုံမှန်အတိုင်း အသက်ရှူသွင်း၊ ရှူထုတ် လုပ်နိုင်ရပါမယ်။
- အရည်တွေကို သောက်နိုင်စွမ်း ရှိရပါမယ်။
- ပုံမှန်အတိုင်း ဆီးသွားနိုင်ရပါမယ်။
- လမ်းကောင်းကောင်း လျှောက်နိုင်ရပါမယ်။
- ပြင်းထန်တဲ့ နာကျင်မှု ကင်းဝေးရပါမယ်။
- ခွဲစိတ်ထားတဲ့ နေရာမှ သွေးထွက်ခြင်း ကင်းဝေးပြီး ရောင်ရမ်းမှုလည်း မရှိရပါဘူး။

လူနာအနေနဲ့ စိတ်ငြိမ်ဆေး သောက်ထားပါက ကားမောင်းပြီး အိမ်မပြန်သင့် ပါ။

ခွဲစိတ်ပြီး လူနာအတွက် အာဟာရ

ခွဲစိတ်ပြီး လူနာတွေမှာ မြန်မြန် အနာကျက်စေဖို့နဲ့ ကူးစက်ပိုး ဝင်နိုင်ခြေ လျော့ကျစေဖို့ရာအတွက် ကောင်းမွန်တဲ့ အာဟာရ လိုအပ်ပါတယ်။ ကြီးမားတဲ့ ခွဲစိတ်မှု ပြီးဆုံးချိန်မှာ အာဟာရ လိုအပ်ချက်က မြင့်တက် လာနိုင်ပါတယ်။ လူနာရဲ့ခွဲစိတ်မှု အမျိုးအစားပေါ် မူတည်ပြီး စားသောက်သင့်တဲ့ အစားအသောက်တွေကို ခွဲစိတ်ဆရာဝန်က အသေးစိတ် ပြောပြပါလိမ့်မယ်။ ထိုအစားအသောက်တွေကို လူနာရှင် အနေနဲ့ စာအုပ်ထဲမှာ အသေးစိတ် ရေးမှတ်ပြီး လိုက်နာဖို့ လိုအပ်ပါတယ်။

ခွဲစိတ်ပြီးချိန်တွင် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ပြဿနာများ

ဖျားခြင်း၊ သွေးခဲခြင်း၊ ခွဲစိတ်ထားတဲ့အနာ ပိုးဝင်ခြင်း၊ ဆီးသွားရ ခက်ခြင်း၊ ဝမ်းသွားရ ခက်ခြင်း၊ ကြွက်သားထုထည် ဆုံးရှုံးခြင်းနဲ့ မူးဝေခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ခွဲစိတ်ကုသမှု ခံယူပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်ပါတယ်။

ဖျားခြင်း

ခွဲစိတ်ကုသမှုကြောင့် ဖြစ်တဲ့ ထိခိုက်ဒဏ်ရာကို တုံ့ပြန်မှု အနေနဲ့ ရောင်ရမ်းမှု အပါအဝင် ဖျားခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ နမိုးနီးယားရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ခွဲစိတ်ထားတဲ့ နေရာမှာ ပိုးဝင်ခြင်း စတဲ့ ပိုးဝင်မှုတွေလည်း ဖြစ်နိုင်ပါတယ်။

သွေးခဲခြင်း

ခွဲစိတ်ချိန်နဲ့ ခွဲစိတ်ပြီးချိန်တွေမှာ မလှုပ်ရှားဘဲ လဲလျောင်းနေရတာကြောင့် ခြေထောက် ဒါမှမဟုတ် ခန္ဓာကိုယ်အောက်ပိုင်း သွေးကြောတွေမှာ သွေးခဲခြင်း ဖြစ်နိုင်ပါတယ်။

အနာဖြစ်ခြင်း

ခွဲစိတ်ထားတဲ့ နေရာမှာ ပိုးဝင်ကာ အနာ ဖြစ်နိုင်ပါတယ်။ ပိုးဝင်ခြင်း လျော့နည်းအောင် ခွဲစိတ်ကုသပြီးချိန်မှာ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ စည်းနှောင်ထားဖို့ လိုပါတယ်။ ပတ်တီးစကို အချိန်မှန် လဲလှယ်ပေးရပါမယ်။

မူးဝေခြင်း

မူးဝေခြင်းဟာ အသက်ကြီးတဲ့ သူတွေမှာ အဓိက ဖြစ်ပေါ်တတ်ပါတယ်။ မူးဝေရတာဟာ သွေးထဲမှာ အောက်ဆီဂျင်ပမာဏ နည်းနေတာကြောင့် ဖြစ်နိုင်သလို ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆီးသွားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်း

ခွဲစိတ်ပြီးချိန်မှာ အဖြစ်များတဲ့ ပြဿနာ နှစ်ရပ်ပါ။ ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်နဲ့ အစားအသောက်ကို ကောင်းကောင်း မစားဖြစ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆီးသွားနည်းခြင်းနဲ့ ဝမ်းသွားနည်းခြင်း ပြဿနာတွေကို ဖြေရှင်း နိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

ကြွက်သားထုထည် လျော့နည်းခြင်း

အိပ်ရာထဲမှာ ကြာကြာနား နေရတာကြောင့် ကြွက်သားထုထည် ဆုံးရှုံးသွားနိုင်ပါတယ်။ အိပ်ရာထဲမှာ တစ်နေ့တာ အပြည့်အဝ အနားယူ လိုက်တာနဲ့ လူငယ်တွေမှာ ကြွက်သားထုထည် တစ်ရာခိုင်နှုန်း၊ သက်ကြီးရွယ်အိုတွေမှာ ငါးရာခိုင်နှုန်း ဆုံးရှုံးသွားနိုင်ပါတယ်။ အကြောင်း ကတော့ သက်ကြီးရွယ်အိုတွေမှာ ကြွက်သား တစ်သျှူးတွေကို အထောက်အပံ့ ပေးနေတဲ့ ကြီးထွားဟော်မုန်း ပမာဏ လျော့နည်းသွား တာကြောင့်ပါ။ ကြွက်သားထုထည် မလျော့နည်းအောင် အိပ်ရာထဲမှာ တစ်ချိန်လုံး လှဲမနေဘဲ ထထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ မျိုးတွေကို ပြုလုပ်ပေးသင့်ပြီး ဆရာဝန်က ခွင့်ပြုပါက လေ့ကျင့်ခန်းကိုပါ အသင့်အတင့် ပြုလုပ်ပေးပါ။

ဆေးရုံမှ မဆင်းခင်

ဆေးရုံမှ မဆင်းခင်မှာ ဆရာဝန်ကို ဘယ်အချိန် ထပ်ပြသင့်သလဲ၊ ဘယ်ဆေး မှီဝဲသင့်သလဲ၊ ရှောင်ရှားသင့်တဲ့ အပြုအမူ၊ လိုက်နာသင့်တဲ့ အပြုအမူ စတာ တွေကို ဆရာဝန်အား သေချာ မေးမြန်းပါ။ လှေကား တက်ခြင်း၊ ကားမောင်းခြင်း၊ လေးလံတဲ့ ပစ္စည်းတွေကို မခြင်း၊ လိင်ဆက်ဆံခြင်း စတဲ့ အပြုအမူတွေကိုတော့ ယာယီ ရှောင်ရှားဖို့ လိုပါတယ်။ ခွဲစိတ်ပြီးနောက် ပုံမှန်အတိုင်း ပြန်ကောင်းဖို့ရာအတွက် ဂရုစိုက် နေထိုင်မယ်ဆိုရင် တဖြည်း ဖြည်းချင်း ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါး ကျွမ်းကျင်မှု တက္ကသိုလ်)

By Royal Hero Media

No comments:

Post a Comment