Saturday 6 October 2012

အသားစားခြင်းကြောင့် အမာရွတ်ထူ ကျန်ခြင်းမဟုတ် ...........


ခွဲစိတ်ပြီးနောက် အမာရွတ်ထူကျန်ရစ်ခြင်းသည် အသားစားခြင်းကြောင့် မဟုတ်သည့် အတွက် ကြက်သား၊ ဝက်သားစသော အသားငါးများကို ပုံမှန်စားသောက်နိုင်ကြောင်း အရေပြား အထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အနာကျက်ပြီးနောက် အမာရွတ်ဖြစ်ချိန်တွင် ဆဲလ်များက ဆက်လက် အလုပ်လုပ် နေသောကြောင့် အသားတက်ခြင်း မရပ်တန့်နိုင်သည့်အတွက် အသားတိုးကာ ဖြစ်ပေါ်လာသော အမာရွတ်အထူ အမျိုးအစား ကီးလွိုက် (Keloid) သည် အဓိကအားဖြင့် မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး ဒဏ်ရာ အမာရွတ်များကို အဆမတန် ကုတ်ခြစ်ဖိဆွခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အနာ ဖြစ်ပြီးသွားတဲ့အခါ အမာရွတ်က ချိုင့်လို အခွက်တွေ ဖြစ်ပြီး ဘေးနှုတ်ခမ်းသားတွေက လက်ချောင်းလို ကားထွက်လာတာကို ကီးလွိုက်လို့ ခေါ်တာပါ။

သူ့ရဲ့ အဓိက ပြဿနာက ယားတာပဲ။ ယားလို့ ကုတ်တဲ့အခါ ကုတ်ခြစ်ရာတွေကို ဆွပေးသလိုဖြစ်ပြီး အဲဒီကတစ်ဆင့်အမာရွတ် ပိုကြီးလာပြီး ဒီရောဂါ ဖြစ်တာပါပဲ” ဟု ဒေါက်တာ စိုးဝင်းဦးက ဆိုသည်။ “အများအားဖြင့် ရင်ဘတ်၊ လက်မောင်း၊ ကျောအပေါ် ပိုင်းနှင့် နားဖောက်သည့် နေရာများတွင် ဖြစ်ပွားလေ့ရှိပြီး ကာကွယ်ဆေး ထိုးထားသည့် နေရာ၊ မီးလောင်ဖု ဖြစ်သည့်နေရာ၊ ဝက်ခြံဖုများကို အဆမတန်ညှစ်သည့် နေရာတို့တွင် အမာရွတ်များ ကျန်ခဲ့ပြီး နောက်ပိုင်းမှ ကီးလွိုက်ရောဂါ ဖြစ်လာနိုင်ခြေရှိခြင်း ဖြစ်သည်။

မျက်နှာမှာ ဖြစ်တယ်ဆိုရင် အဖု အထစ် ချိုင့်ခွက်တွေ ဖြစ်လာပြီး အလင်းပြန်မှုတွေ မညီတော့ဘူး။ အဲဒီအခါမှာ ကိုယ့်ကို ကြည့်ရဆိုးစေတယ်” ဟု ဒေါက်တာ စိုးဝင်းဦးက ပြောသည်။

By Mg Mandalay

No comments:

Post a Comment