Friday 5 October 2012

သတင်းတိုထွာ ဆေးပညာ


၁။ ဖွံ့ဖြိုးစေချင်လျှင်၊ လွတ်လပ်မှုရှိပါစေ

ကလေးငယ်များ၏ လွတ်လပ်စွာ ဆော့ကစားမှုကို တားဆီးခြင်းသည် ကလေးငယ်များကို ကူညီရာ မရောက်ဘဲ အဆိုးဖြစ်အောင် တွန်းပို့ရာ ရောက်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
ကလေးငယ်များကို လွတ်လပ်စွာ ဆော့ကစားခွင့် ပိတ်ပင်ခြင်းကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လူအဖွဲ့အစည်း၌ ပြဿနာများ ကြုံတွေ့နေရသည်ဟု ဆိုပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်မှစ၍ ကလေးငယ်များ၏ လွတ်လပ်စွာ ဆော့ကစားနိုင်သည့် အခွင့်အလမ်းမှာ တဖြည်းဖြည်း လျော့နည်းလာကြောင်း တွေ့ရသည်။အမေရိကန် ပြည်ထောင်စု အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကလေးငယ်များအဖို့ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ခြင်း မရှိကြတော့ပေ။ ဤသို့ လွတ်လပ်စွာ ဆော့ကစားနိုင်ခြင်း မရှိသဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၌ ဆိုးကျိုးများ ဖြစ်ထွန်းစေကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ Boston College မှ စိတ်ပညာပါမောက္ခ Peter Gray က လွတ်လပ်စွာ ဆော့ကစားခွင့် မရပါက ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ တချို့သော လူကြီးမိဘများက ကလေးငယ်များအပေါ် လိုအပ်သည်ထက်ပို၍ ကာကွယ်မှု ပေးနေကြောင်းနှင့် ကလေးငယ်များ လွတ်လပ်စွာ ဆော့ကစားမှုကို ဟန့်တားနေကြောင်း Nathan L Hechr ကလည်း ထောက်ပြပြောဆိုခဲ့သည်။ မိဘများ၏ စိုးရိမ်ပူပန်မှုမှာ အတိုင်းအတာတစ်ခုထိ ရှိကြရန် လိုအပ်ပြီး လွတ်လပ်စွာ ဆော့ကစားမှုကို မပိတ်ပင်သင့်ကြပေ။ လွတ်လပ်စွာ ဆော့ကစားခွင့် ရမှသာလျှင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းတို့၌ ဖွံ့ဖြိုးမှု ရရှိနိုင်မည် ဖြစ်ပေသည်။

၂။ ချက်ကြိုးသွေးကုထုံး

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့က ချက်ကြိုးသွေးမှ ထုတ်ယူသောပစ္စည်း 'HEMACORD' ကို အတည်ပြု ပေးလိုက်ခဲ့ပြီဖြစ်သည်။ ချက်ကြိုးသွေး ကုထုံးနည်းသစ်တစ်ရပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ သွေးကလာပ်စည်းများကို ရိုးတွင်းချဉ်ဆီမှ တည်ဆောက် ထုတ်လုပ် ပေးသည်။ အရွယ်မရောက်သေးမီ ကာလ၌ ခန္ဓာကိုယ် အရိုးအားလုံး၏ ရိုးတွင်းချဉ်ဆီမှ သွေးကလာပ်စည်းများ ထုတ်လုပ်ပေးနိုင်သည်။ အရွယ်ရောက်ပြီးချိန်တွင် အရိုးပြားများ (ဥပမာ-နံရိုး၊ တင်ဆုံရိုး၊ ရင်ညွန့်ရိုး၊ လက်ပြင်ရိုး)မှသာ သွေးကလာပ်စည်းများကို ထုတ်လုပ်ပေးတော့သည်။ ရိုးတွင်းချဉ်ဆီတွင် သွေးကလာပ်စည်းများကို ထုတ်လုပ်ပေးမည့် ပင်မကလာပ်စည်းများ Haemopoietic Stem cells ရှိကြသည်။
ချက်ကြိုးသွေးမှ ထုတ်ယူသော ပစ္စည်းဖြင့် ရိုးတွင်းချဉ်ဆီ၏ သွေးကလာပ် စည်းများ ထုတ်လုပ်ပေးမည့် ကလာပ်စည်းများကို အစားထိုး ကုသနိုင်မည် ဖြစ်သည်။ သွေးကင်ဆာရောဂါ၊ မွေးရာပါ ဇီဝဓာတုဖြစ်စဉ်နှင့် ဆက်နွှယ်သော ရောဂါများနှင့် ခုခံစွမ်းအား ယိုယွင်းမှုတို့ကို ချက်ကြိုးသွေး အစားထိုး ကုထုံးဖြင့် ကုသပေးနိုင်မည် ဖြစ်သည်။ ဤကုထုံးကြောင့် လူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်မည်ဟု အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ညွှန်ကြားရေးမှူး Karen Midthum က ပြောကြား ခဲ့သည်။ 'Hemacord' သည် လူနာအတွင်း ရောက်ရှိသွားသောအခါ ရိုးတွင်းချဉ်ဆီသို့ ရွေ့လျားဝင်ရောက်ပြီး ကလာပ်စည်းများ ပွားများကာ ကြီးထွား ဖွံ့ဖြိုးလာကြမည် ဖြစ်သည်။ သွေး၌ လိုအပ်သော သွေးကလာပ် စည်းများကို ဖြည့်တင်းပေးပြီး ခုခံစွမ်းအားကိုလည်း ကောင်းမွန်စေမည်။

၃။ တေးဂီတသည် ဆေးတစ်ပါး

“ရယ်ခြင်းသည်ဆေးတစ်ပါး” ဟု သုံးနှုန်းလေ့ ရှိကြသည်။ တူရကီ ဆရာဝန်များသည် တေးဂီတကို ဆေးတစ်ပါးအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထိုကြောင့် “တေးဂီတသည် ဆေးတစ်ပါး” ဟု ခေါ်ရပေတော့မည်။ ယနေ့အချိန်တွင် တူရကီနိုင်ငံ၌သာမက နိုင်ငံများစွာတွင် ရောဂါဝေဒနာများ ကုသရာ၌ တေးဂီတကုထုံး Music Therapy ကို အသုံးပြုလာကြပြီ ဖြစ်သည်။ တူရကီဆေးရုံမှ ဆရာဝန်များက "Islamic Music Therapy” မှာ ရာစုပေါင်းများစွာက ရှိခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ရောဂါဝေဒနာများကို ကုသရာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ The Memorial Hospital in Istanbul မှ Dr Bingur Sonmez နှင့် Dr Erol Can တို့က တေးဂီတကုထုံးသည် စိတ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဗေဒဆိုင်ရာ ဖြစ်စဉ်များကို ပြောင်းလဲပေးနိုင်စွမ်းရှိပြီး ရောဂါဝေဒနာများ ကုသရာတွင် တွဲဖက်ကုထုံးအဖြစ် အသုံးပြုနိုင်မည်ဟု ဆိုသည်။ ရောဂါဝေဒနာ အမျိုးအစားလိုက် တေးဂီတ အမျိုးအစားကို ပြောင်းလဲ အသုံးပြုနိုင်သည်ဟု သိရသည်။ စိတ်ကို လှုပ်ရှားအောင် စွမ်းဆောင်နိုင်သော တေးဂီတများ ရှိသကဲ့သို့ စိတ်တည်ငြိမ် အေးချမ်းမှု ရစေနိုင်သော တေးဂီတများလည်း ရှိသည်။ တေးဂီတ၏ စွမ်းအားကို ရောဂါဝေဒနာ ကုသရာ၌ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြဖွယ်ရာ ရှိသည်။

၎။ ပျော်နေလျှင် အသက်ရှည်မည်

သင်၏ စိတ်ပျော်ရွှင်မှုသည် သင့်အတွက် သက်တမ်းရှည်ကြာစေမည့် အကြောင်းတစ်ခု ဖြစ်သည်။ အသက်ရှည်ခြင်းသည် ဗီဇဂျင်းများနှင့် ဆက်နွှယ်ကြောင်း သုတေသန ပညာရှင်များက ဖော်ပြခဲ့ကြသည်။ အသက်ရာကျော် နေထိုင်ကြသူများတွင် သက်တမ်းရှည်စေမည့် ဗီဇဂျင်းများ ပါဝင်ကြောင်း တွေ့ရသည်။ သုတေသနတစ်ခုက သင်၌ အသက်ရှည်စေမည့် ဗီဇဂျင်းများ မပါရှိသည့်တိုင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားမည်ဆိုပါက အသက်ရှည်နိုင်မည် ဖြစ်ကြောင်း ဖော်ထုတ် တင်ပြလိုက်သည်။

သင့်ဘဝသည် ပျော်ရွှင်စရာများနှင့် ပြည့်နေလေ သက်တမ်း ပိုကြာရှည် နိုင်လေ ဖြစ်သည်။ ပျော်ရွှင်သော၊ ကျေနပ်မှု ရှိသော၊ ရောင့်ရဲတတ်သော သက်ကြီးရွယ်အိုများသည် သေဆုံးမှု၌ အခြား သက်ကြီးရွယ်အိုများထက် ၃၅ ရာခိုင်နှုန်း လျော့နည်းနိုင်ကြသည်။ ကြောက်ရွံ့ခြင်း၊ ပူပင်သောကများခြင်း နှင့် စိတ်ချမ်းသာမှု မရှိခြင်းတို့သည် အသက်တိုစေနိုင်ကြသည်။ University College London မှ သုတေသန ပညာရှင်များက အသက် ၅၂ နှစ်နှင့် ၇၉ နှစ်ကြား လူပေါင်း ၃၈၀၀ ခန့်ကို ငါးနှစ်တာကြာမျှ လေ့လာ စောင့်ကြည့် ခဲ့ကြသည်။ လူတို့၏ သက်တမ်းသည် ဗီဇဂျင်းများပေါ်တွင် မှီတည် နေသော် လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေက များစွာ လွှမ်းမိုးထားနိုင်ကြောင်း တွေ့ရသည်။ မြန်မာတို့၏ ရှေးကာလပင် ဆိုရိုးစကား ရှိခဲ့သည်။

“ပျော်ပျော်နေသေခဲ” ဟူ၍ ဖြစ်သည်။

ပျော်ရွှင်မှုများလေ အသက်ပိုရှည်လေ ဆိုခြင်းကို အခြားနိုင်ငံက သုတေသန ပညာရှင်များက ယခုကာလမှာမှ ဖော်ထုတ်နိုင်ကြခြင်း ဖြစ်သည်။

ဒေါက်တာအေးကျော်

By Royal Hero Media

No comments:

Post a Comment