Saturday 13 October 2012

ဆေးများကြောင့် စိတ်ကျဝေဒနာဖြစ်နိုင် ................

စိတ်ဓာတ်ကျဝေဒနာဟာ များသောအားဖြင့် စိတ်ဖိစီးမှုတွေအပြင် စိတ်ခံစားချက်နဲ့ စဉ်းစားတွေးခေါ်ဥာဏ်တွေကိ ထိန်းချုပ်တဲ့ ဦးနှောက်တွင်း ဓာတ်တုပစ္စည်းတွေ
မညီမျှတာကြောင့် ဖြစ်တာပါ။ အချို့လူတွေမှာ ကျန်းမာရေးအခြေအနေကြောင့် (ဥပမာ လည်ပင်းအကျိတ်အလုပ်မလုပ်သောရောဂါ (Hypothyroidism)ကြောင့်လည်း စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက် လိုအပ်တဲ့ဆေးနဲ့ ဆရာဝန်ညွှန်ကြားချက်မလိုအပ်တဲ့ ဆေးတွေအားလုံးဟာလည်း စိတ်ကျဝေဒနာ ဖြစ်အောင် လှုံ့ဆော်နိုင်တာ၊ ရောဂါပိုဆိုးစေတာ ဒါမှမဟုတ် ကုသမှုအတွက် အနှောက်အယှက်ဖြစ်တာတွေ ဖြစ်တတ်ကြပါတယ်။ စိတ်ကျဝေဒနာဖြစ်စေနိုင်တဲ့ ဆေးတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

ပဋိဇီဝများ (Antibitics)
လူတိုင်းလူတိုင်း ပဋိဇီဝဆေးတွေကို သောက်သုံးဖူးကြမှာပါ။ ဝမ်းပျက်တာတွေလိုမျိုး ဆေးရဲ့ဆိုးကျိုးလည်း ရရှိဖူးကြမှာပါ။ ဒါပေမယ့် ပဋိဇီဝဆေးတွေကြောင့် သင့်ရဲ့စိတ်ခံချက် (mood) တွေကို ထိခိုက်မှုရှိတယ်ဆိုတာကိုတော့ သိကြမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ အချို့ပဋိဇီဝဆေးတွေကြောင့် အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်ဓာတ်ကျ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာအတွက် အသုံးများတဲ့ Fluroquinolones (Ciprofloxacin, Ofloxacin)နဲ့ မိန်းမကိုယ်မှ အဖြူဆင်းတာနဲ့ ဝမ်းကိုက်တာအတွက် အသုံးပြုတတ်တဲ့ (Metronidazole) ဆေးတွေဟာ စိတ်ကျရောဂါဖြစ်နိုင်တဲ့ ဆေးတွေပါ။

ဘယ်လိုပြုလုပ်မလဲ။
သင့်မှာ စိတ်ဓာတ်ကျဝေဒနာဖြစ်ရင် သင့်ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်အနေနဲ့ tetracycline ဆေးအုပ်စုကို ပြောင်းလဲပေးတာတွေ လုပ်ပေးနိုင်ပါတယ်။

သွေးတိုးကျဆေးများ (Blood Pressure Drugs)
အချို့လူတွေမှာ သွေးတိုးကျဆေးတွေဟာ ဗဟိုအာရုံကြောစနစ်ကို ဖိအားပေးတာ ဒါမှမဟုတ် Neurotrasmittersတွေ မညီမမျှဖြစ်စေတာတွေကြောင့် စိတ်ခံစားချက်တွေ ကျဆင်းသွားတတ်ပါတယ်။ Chonidine, Aldomet, Propanolol နဲ့ Atenolol ဆေးတွေဟာ စိတ်ကျဝေဒနာရနိုင်တဲ့ဆေးတွေပါ။ဆီးဆေး (diuretics) တွေဟာလည်း လိင်ကိစ္စဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ ဆီးဆေးတွေကြောင့် အိပ်ရေးပျက်တာ၊ မောပန်းပြီး စွမ်းအင်တွေနည်းသွားတာ လိင်စွမ်းဆောင်မှုကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပြုလုပ်မလဲ။
သင်စိတ်ကျဝေဒနာရနေရင် ဆရာဝန်ကိုပြောပြပါ။ ဆရာဝန်အနေနဲ့ အခြားဆေးများ ဥပမာ ACE Inhibitor ဆေးတွေ ပြောင်းပေးနိုင်ပါတယ်။

နှလုံးအလုပ်မလုပ်နိုင်ခြင်းအတွက်ဆေးများ (Heart Faliure Drugs)
နှလုံးညှစ်အားပိုကောင်းအောင် အသုံးပြုတဲ့ Digoxin ဆေးဟာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်မှုရှိစေကာ စိတ်ဓာတ်ကျဝေဒနာဖြစ်တာ ဒါမှမဟုတ် ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပြုလုပ်မလဲ။
သင်ဟာ စိတ်ကျဝေဒနာခ့စားနေရရင် သင့်ဆရာဝန်က Digoxin ဆေးကိုပမာဏ အနည်းငယ်သာပေးတာ ဒါမှမဟုတ် Nitrocot လိုမျိုး သွေးကြောချဲ့ဆေးတွေ Vasotec လိုမျိုး ACE Inhibitor တွေ ဒါမှမဟုတ် Diovan လိုမျိုး Angiotensin Receptor Blockerတွေ ပြောင်းလဲပေးနိုင်ပါတယ်။

ဟော်မုန်းဆေးများ (Hormones)
အဆစ်ရောင်ရောဂါ၊ ရင်ကျပ်ပန်းနာနဲ့ ဆိုးရွားတဲ့ အရေပြားပြဿနာတွေလိုမျိုး ရောဂါအတော်များများမှာပေးလေ့ရှိတဲ့ စတီးရွိုက်ဆေး Prednisolone ကိုပါးစပ်မှ သောက်နေရရင် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။

ဘယ်လိုပြုလုပ်မလဲ။
သင့်ဆရာဝန်က ဆေးပမာဏလျှော့ပေးတာ၊ ဆေးသောက်တဲ့ကာလကို လျော့ချတာ၊ Antihistamine ဆေးတွေပြောင်းပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

Tips
စတီးရွိုက်ဆေးတွေကို လိမ်းတာ ဒါမှမဟုတ် ရှူတာကြောင့် စိတ်ခံစားချက်ကို အနှောင့်အယှက် မပေးနိုင်ပါဘူး။

အိပ်ဆေးများ (Sleep Aids)
Diazepam (ဘေလီယမ်) လိုမျိုးအိပ်ဆေးတွေဟာ တချို့လူတွေမှာ ဆေးသောက်ပြီး နောက်တစ်နေ့မှာ စိတ်ကျဝေဒနာဖြစ်တတ်ပါတယ်။

ဘယ်လိုပြုလုပ်မလဲ
သင့်ဆရာဝန်က ခန္ဓာကိုယ်မှ အပြင်သို့အမြန်စွန့်ထွက်နိုင်တဲ့ အိပ်ဆေး (ဥပမာ zolpidem) တွေ ပြောင်းပေးနိုင်ပါတယ်။

By Mg Mandalay

No comments:

Post a Comment